အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒုတပ်ချုပ် စိုးဝင်းရဲ့ ဓါတ်ပုံနဲ့ သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “MRTV ခုပဲ ကြေငြာလို့ လန်ကကုန်ပြီ။ နေပြည်တော်က ငလျင်ကြီးနဲ့အတူ ဒုချုပ်စိုးဝင်း မိသားစု သေဆုံးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ငလျှင်ကြောင့် ဒုချုပ် စိုးဝင်းနဲ့ မိသားစု သေဆုံးသွားပြီးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ငလျှင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးမှာ ထိခိုက်မှု များခဲ့ပြီး နေပြည်တော်မှာလည်း စစ်ရုံးက ထွက်ပြေးလာတဲ့ ရုပ်သံတစ်ချို့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒုတပ်ချုပ် စိုးဝင်းနဲ့ မိသားစု သေဆုံးမှုတော့ မရှိနိုင်ပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။