အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ တရုတ်ခေါင်းဆောင်တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်ကို ဖြုတ်ချရန် တရုတ်သဘောတူ၊ ဂျပန်တရုတ် အထူးသဘောတူညီချက် ထွက်ပြီး နူးကလီးယား လုပ်နေတဲ့ မင်းအောင်လှိုင် တရုတ်ဆုံးမတော့မည်။” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင်ကို ဖြုတ်ချဖို့ တရုတ် သဘောတူ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်နေပြီး ၎င်းကို ဖြုတ်ချခြင်း မရှိတဲ့အပြင် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။