ဒီအကြောင်းအရာကို Ournews4.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ မေလ ၄ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 7Day News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ထပ်မံကူးယူဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေရာမှာ "မင်းမော်ကွန်း live လွှင့်ပြီး ဒဲ့ပြောပြီ" လို့ ရေးသားကာ ၅ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုလည်း ပါဝင်ပါတယ်။
ဗွီဒီယိုပေါ်က ပုံစာမှာတော့ "ဗိုလ်ကြီးမင်းမော်ကွန်း ဦးဆောင်ပြီး ရန်ကုန်ကို ကွန်မင်ဒိုအဖွဲ့ရောက်နေ၊ ပြည်သူကို အရေးပေါ်ကြေညာပြီ" လို့ ပြုလုပ်ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မင်းမော်ကွန်း live လွှင့်ပြီး ဒဲ့ပြောပြီဆိုတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှု့ရာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက CRPH - OFP Fundraising Program က ပြုလုပ်ခဲ့တဲ့ "ယုံကြည်ရာခြေလှမ်းများအတွက် ဆုလက်ဆောင်" ဆိုတဲ့ အစီအစဉ်မှာ သရုပ်ဆောင် မင်းမော်ကွန်း ပါဝင်တင်ဆက်ခဲ့တဲ့ ရုပ်သံကို ပိုင်းဖြတ်ပြီး ပြင်ဆင်ပြုလုပ်ထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်တာတွေ့ရပါတယ်။
"ယုံကြည်ရာခြေလှမ်းများအတွက် ဆုလက်ဆောင်" ဆိုတဲ့ အစီအစဉ်ဟာ စစ်အာဏာရှင် ပြုတ်ကျရေး 5MillionChallenge မှာ ပါဝင်လှူဒါန်းခဲ့တဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေကို လက်ဆောင်ပြန်လည် ပေးအပ်ဘို့ ကံစမ်းမဲဖောက်ပွဲ ပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်အကြောင်းနဲ့ ကံစမ်းမဲဖောက်ပွဲကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
7 Day သတင်းဌာန နာမည်အသုံးပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု အကြောင်းကို BOOM က ဒီလအစောပိုင်းမှာလည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။
သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။