အဆိုပါ ဓါတ်ပုံကို ဧပြီလ ၁၉ ရက်နေ့ နေ့ခင်းပိုင်းမှာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဖြန့်ဝေလာတာ ဖြစ်ပြီး ၎င်းဓါတ်ပုံဟာ ဆီဆိုင်တစ်ဆိုင်ရှေ့ ကားတွေတန်းစီရပ်နေတာကို Drone ဖြင့်ရိုက်ကူးထားတဲ့ ပုံဖြစ်ပြီး ၎င်းပုံကို အသုံးပြုကာ ရန်ကုန်မြို့မှာ ဆီဖြည့်ဖို့ ကားတွေ စီတန်းနေတာလို့ ဖြန့်ဝေထားကြပါတယ်။ တစ်ချို့ ဖြန့်ဝေသူတွေက ဒီဓါတ်ပုံ တစ်ပုံထဲ သုံးကာ ဖြန့်ဝေကြသလို တစ်ချို့ကတော့ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ရန်ကုန်မြို့က ဓါတ်ပုံတွေနဲ့ တွဲပြီး ဖြန့်ဝေသူတွေလည်း ရှိနေပါတယ်။
မူရင်းဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။
အဆိုပါ ဓါတ်ပုံကို အသုံးပြုပြီး လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဆီတွေ ပြတ်လပ်ရင် သိရိလင်္ကာကဲ့သို့ ဖြစ်သွားနိုင်ကြောင်း မှတ်ချက်ပေး ရေးသားသူတွေလည်း များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မြို့ကလို့ ပြောပြီးဖြန့်ဝေနေကြတဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင်ရဲ့ အရှေ့မှာ ကားတွေ တန်းစီရပ်ထားတာကို အမြင်ကနေ Drone နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၂၀ ခုနှစ်က ဆူဒန်နိုင်ငံက ဓါတ်ပုံ ဖြစ်တာကို တွေ့ရပါတယ်။
ဒီဓါတ်ပုံဟာ ၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ဆူဒန်နိုင်ငံမှာ လောင်စာဆီနဲ့ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီဆိုင်တွေမှာ ရာပေါင်းများစွာသော ကားတွေ တန်းစီပြီး စောင့်ဆိုင်းနေတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
၎င်းဓါတ်ပုံဟာ ဆူဒန်နိုင်ငံ မြို့တော် Khartoum မှာ Covid -19 ရောဂါကြောင့် lockdown ချထားတဲ့ကြားက လောင်စာဆီ ပြတ်လပ်မှုကြောင့် ရာပေါင်းများစွာသော ကားတွေက တန်းစီနေတာကို Drone နဲ့ ရိုက်ကူး မှတ်တမ်းတင်ထားတဲ့ ပုံဖြစ်ပါတယ်။
ဆူဒန်နိုင်ငံက ဆီဆိုင်တစ်ဆိုင်ရှေ့ ကားတွေ တန်းစီနေတဲ့ ဓါတ်ပုံအကြောင်း သတင်းကို ဒီ Link မှာ ဖတ်ပါ။