ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Best Page ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
သတင်းကို 'အကုန်နုတ်ထွက်ပြီ။ စစ်ကိုင်း၊ မကွေး ရဲမှူး ရဲအုပ် အားလုံးထွက်ပြေး။ ဝန်ကြီးများသပိတ်မှောက်' လို့ ရေးသားထားတာပါ။ ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုပါဝင်ပြီး ကာဗာမှာလည်း 'ခရိုင်မှူး ၅ ဦး၊ ရဲမှူး ၁၇ ဦး အကုန်နုတ်ထွက်။ မအလ အရှုံးကြီးကြီး ရှုံးပြီ။ မကွေးဝန်ကြီနဲ့အဖွဲ့ ထွက်ပြေး' လို့ ရေးသားဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မကွေးတိုင်းဝန်ကြီးနဲ့အဖွဲ့ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတာကို တွေ့ရပါတယ်။ ဒီဖြန့်ဝေမှုတွေဟာ လူအများ စိတ်ဝင်စားအောင် ခေါင်းစဉ်ကို လုပ်ကြံဖန်တီးထားတာသာ ဖြစ်ပါတယ်။
ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရင် ဝမ်းတွင်းမှာ စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ ဖျက်သိမ်းပြီး မီတာခတွေ ပြန်လာယူဖို့ လော်စပီကာနဲ့ ကြေညာမှု Facebook က Live လွှင့်တယ်ဆိုတဲ့ သတင်း၊ ဝမ်းတွင်းမြို့မ ရဲစခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စော ရှင်းလင်းခံရတဲ့ သတင်း၊ ဝမ်းတွင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ သတင်းတွေကို နောက်ခံစကားပြောထည့်သွင်းထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာ မကွေးတိုင်းဝန်ကြီးနဲ့အဖွဲ့ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာအပြင် ရဲအုပ်၊ ရဲမှူး မည်မျှထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။