ဒေသတစ်ခုမှာ မီးအကြီးအကျယ်လောင်နေတဲ့ ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး မြန်မာနိုင်ငံက အဖြစ်အပျက်ပုံစံ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခုကို မတ်လ နောက်ဆုံးပတ်ကစတင်ပြီးဖြန့်ဝေနေကြတာဖြစ်ပါတယ်။
လက်ရှိကာလအထိလည်း လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေနေကြဆဲဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ သောင်းနဲ့ချီပြီး ရှိနေပြီဖြစ်ပါတယ်။
ဒီအကြောင်းအရာကိုဖြန့်ဝေရာမှာ "သဘာဝဘေးမီးမဟုတ်ဘူးနော်။ လက်ညှိုးထိုးလို့ မလွဲတဲ့အဖွဲ့စီးကြောင့်ပဲဆိုဒါကို ကမ္ဘာကြီးကသိပါစေ။" လို့ ရေးသားကာ ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။
အချို့ဖြန့်ဝေမှုတွေမှာတော့ ပိုစ့်အောက်က မှတ်ချက်တွေကြောင့် ပြန်လည်ပြင်ဆင်ရေးသားကြပေမယ့် တချို့ဖြန့်ဝေမှုတွေမှာ အထင်လွဲစေမယ့် ရေးသားခြင်းတွေနဲ့ ဆက်လက်ဖြန့်ဝေနေတာပါ။
မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီဖြန့်ဝေမှုထဲက ဗွီဒီယိုဖိုင်ကို သတင်းဆန်းစစ်မှုပြုလုပ်ကြည့်ရမှာတော့ ဒါဟာ မြန်မာနိုင်ငံမှာဖြစ်ပွားထားတဲ့ဖြစ်စဉ်မဟုတ်ပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Cox's Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းတဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဗီဒီယိုဖိုင်ကို နီပေါနိုင်ငံက ဖေစ့်ဘွတ်အသုံးပြုသူတစ်ဦးက မတ်လ ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး နီပေါဘာသာစကားနဲ့ ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု ဆိုပြီး ရေးသားထားတာပါ။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒီမီးလောင်မှုအဖြစ်အပျက်ကို BBC နဲ့ CNN တို့လို သတင်းမီဒီယာကြီးတွေမှာလည်း မတ်လ ၂၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒုက္ခသည်စခန်းရှိ အိမ်ခြေထောင်ပေါင်းများစွာ မီးလောင်ကျွမ်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
သတင်းမီဒီယာတွေမှာ ဖော်ပြထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။