ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ KK Audiobooks ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အကြမ်းဖက်စစ်တပ် ပွဲသိမ်းသွားပြီ။ မြဝတီမြို့အနီး ထိုင်းနယ်စပ်ကို ဗုံးကျဲနေတဲ့ F16 (၂) စီး ထိုင်းစစ်တပ်က တကယ်ကြီးပစ်ချ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ခုနှစ်သောင်းကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး ထိုင်းစစ်တပ်ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ နယ်စပ်အနီး စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို ထိုင်းစစ်တပ်က ပစ်ချလိုက်တယ် ဆိုပြီး သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပက်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို မြေပြင်မှာ ရှိတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ထုတ်ပြန်ထားတာမျိုးလည်း မရှိပါဘူး။
မြဝတီမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နယ်စပ်မှာနေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေ လုံခြုံရေးအတွက် ထိုင်းတော်ဝင်လေတပ်က F16 အမျိုးအစား တိုက်လေယာဥ် ၂ စီးဟာ နယ်စပ် လေပိုင်နက်မှာ ကင်းလှည့်တာတွေ လုပ်နေတဲ့ အပြင် မောင်းသူမဲ့ ဒရုန်းတွေလည်း ဖြန့်ကြက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။