ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေရိကန် အရေးပေါ်ကြေညာ။ NUG နဲ့ သဘောတူညီမှုရပြီ။ မြန်မာပြည်သူတွေ လိုချင်တဲ့ အရာအားလုံး ရတော့မည်' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန်က အရေးပေါ် ကြေညာတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ RFA သတင်းဌာနမှာ ဇွန်လ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ ‘စစ်ကောင်စီကို ပိုထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်ကို NUG တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ပိုပြီး ပြင်းထန်တဲ့ စီးပွားရေးနဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့တာအပါအဝင် အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်တဲ့အကြောင်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိတစ်ဦးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဇွန်လ ၂၂ ရက် ဒီနေ့ တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်တာပါ။
သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။