အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓါတ်ပုံရယ်၊ မီးတွေ လေယာဉ်တွေ ပစ်ခတ်မှုတွေ ပါဝင်တဲ့ ဓါတ်ပုံတွေ သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ထိုင်းပိုင်နက်အတွင်း ကျူးကျော်လာတဲ့ မင်းအောင်လှိုင်ရဲ့ တိုက်လေယာဉ်တစ်စင်း ထိုင်းစစ်တပ်က ပစ်ချလို့ အကုန်သေဆုံးမှုဖြစ်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်းကို ထိုင်းက ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ထိုင်းက စစ်ကောင်စီရဲ့ မည်သည့် တိုက်လေယာဉ်ကိုမှ ပစ်ချခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။