အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ စစ်ခေါင်းဆောင်နဲ့ တရုတ်ခေါင်းဆောင်တို့ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တစ်နိုင်ငံလုံး အထုပ်အပိုး ပြင်ထားကြပါ။ အသက်မသေချင်ရင် ကြည့်ပေးပါ။ တရုတ်စစ်သား ၅၀၀၀၀ မြန်မာဝင်ပြီ။ မြန်မာနိုင်ငံ ရောင်းစား ခံလိုက်ရပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်စစ်သား ငါးသောင်း မြန်မာပြည်ထဲ ဝင်ရောက်လာပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ တရုတ် လုံခြုံရေးတပ်တွေ ပြည်တွင်းကို အခြေချဖို့ ဝင်ရောက်လာပေမယ့် တရုတ်စစ်သား ၅၀၀၀၀ ခန့် ဝင်ရောက်လာခြင်းတော့ မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။