ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် ငါးပါးမှောက်ပြီ။ ရန်ကုန် စစ်ကောင်စီရုံး PDF တွေ ဝင်စီး၊ အရာရှိတွေ ကန့်ကုန်ပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန် စစ်ကောင်စီရုံး PDF တွေ ဝင်ရောက်စီးနင်းမှု အရာရှိတွေ သေကုန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟယ Mizzima သတင်းဌာနမှာ မေလ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ ‘မရမ်းကုန်း အောင်သပြေရဲစခန်း အဝင်ဂိတ်အနီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်ဟုဆို’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်က အောင်သပြေရဲစခန်းဝင်း(အောင်သပြေစစ်ကြောရေး) ဂိတ်အနီးမှာ မေလ ၂၁ ရက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တဲ့ ဖြစ်စဉ်ကို ဖော်ပြထားတာပါ။ ဒီတိုက်ခိုက်မှုမှာ ရဲနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့ NOKA-UG တာဝန်ခံက ပြောထားတယ်လို့ သတင်းထဲမှာ ဖော်ပြထားတာဖြစ်ပြီး အခုဖြန့်ဝေနေသလို စစ်တပ်အရာရှိတွေ သေဆုံးတယ်ဆိုတာလည်း မဟုတ်ပါဘူး။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။