ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ရဲ့ ရာဇသံကြောင့် တရုတ်တုန်လှုပ်။ စစ်တပ်ကို ကာကွယ်ပေးမှု ချွင်းချက်မရှိရပ်တန့်ဖို့ ပေဂျင်းအစိုးရကို NUG ရာဇသံပေး။ ပွဲကြမ်းနေပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်အစိုးရကို NUG ရာဇသံပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီ သတင်းဌာနမှာ ဩဂုတ်လ ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းဌာနက ရေးသားထားတဲ့ ဆောင်းပါးထဲမှာ မြန်မာစစ်ကောင်စီ ပြိုလဲလုနီးဖြစ်နေပေမယ့် တရုတ်နိုင်ငံက စစ်ကောင်စီကို နေရာပေးလိုကြောင်း၊ စစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဘေ့ဂျင်းရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ့် အစိုးရဖြစ်လာစေဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပရေး အတွက် ကူညီနေတဲ့အကြောင်းတွေ ရေးသားထားတာပါ။
သတင်းထဲမှာ တရုတ်အစိုးရကို NUG ရာဇသံပေးတယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။