ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုတပ်ချုပ်စိုးဝင်းကို အာဏာသိမ်းရန်ကြံစည်မှုနဲ့ ဖမ်းဆီးခံရပြီး နေအိမ်အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုချုပ်စိုးဝင်း ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ The Irrawaddy သတင်းဌာနမှာ ဇူလိုင်လ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ 'ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်' ဆိုတဲ့ သတင်းဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ ဒုချုပ်စိုးဝင်း ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
The Irrawaddy သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။