အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ PDF တွေ ပါဝင်တဲ့ဓါတ်ပုံရယ်၊ မီးလောင်နေတဲ့ ဓါတ်ပုံရယ်၊ လေယာဉ်နဲ့ ဗုံးကြဲကာ အပျက်အဆီးတွေ ဖြစ်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အထူး အရေးပေါ်ပြီ။ ရန်ကုန်လေဆိပ်ကြီး ရုတ်တရက်ကြီး အသိမ်းခံရ။ ရန်ကုန်မြို့ကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ (၉၀) သေဆုံး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသိမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံ အနှံ့မှာ တိုက်ပွဲတွေရှုံးနှိမ့်ပြီး နယ်မြေတွေ ဆုံးရှုံးသွားပေမယ့် ရန်ကုန်ကိုတော့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ရန်ကုန်လေဆိပ်ကိုလည်း ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။ ရန်ကုန်မှာလေယာဉ်နဲ့ ဗုံးကြဲခြင်း မရှိသလို ပြည်သူ (၉၀) သေဆုံးခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။