အဆိုပါ သတင်းအတုကို Video Base ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ သတင်းကြေညာသူတစ်ဦးရယ် ဦးသန်းရွှေ၊ ဦးသိန်းစိန် နဲ့ မင်းအောင်လှိုင်တို့ ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “သန်းရွှေ အာဏာထိန်းလိုက်ပြီ။ စစ်အာဏာရှင်ဟောင်း သန်းရွှေခေတ် ပြန်ရောက်။ စစ်တပ်အာဏာပြန်ယူလိုက်ပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ များစွာနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ သိန်းချီရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေ YouTube အကောင့်တွေကလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်ကောင်စီထံကနေ နိုင်ငံတော် အာဏာကို စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေက ပြန်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဦးသန်းရွှေဟာ စစ်ကောင်စီထံကနေ အာဏာ ထပ်မံသိမ်းယူထားခြင်း မရှိပါဘူး။ စစ်ကောင်စီခေါင်းဆောင်က အကြံတောင်းခံမှုကြောင့် မြန်မာ့နိုင်ငံရေးမှာ ပြန်လည်ပါဝင်လာရတာ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာ တစ်ချို့မှာ ဖော်ပြထားပါတယ်။ မေလ ၂ ရက်နေ့မှာ ဦးသန်းရွှေက တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့ နေပြည်တော်ပြည်မှာ တွေ့ဆုံခဲ့ပါတယ်။ ဦးသန်းရွှေဟာ ဒီလို တွေ့ဆုံခဲ့တာသာရှိခဲ့ပြီး စစ်ကောင်စီထံကနေ အာဏာပြန်လည်သိမ်းယူတယ်ဆိုတဲ့ အခြေအနေမရှိပါဘူး။
ဒါ့အပြင် သတင်းအမှား Video အထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ မေတ္တာရပ်ခံမှုကြောင့် မြန်မာ့နိုင်ငံရေးမှာ ဦးသန်းရွှေ ပါဝင်လာမှုရဲ့ နောက်ဆက်တွဲအလားအလာ ဆိုတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။