အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ် UN က ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံရယ် သတင်းကြေညာနေသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို ပေါင်းစပ်ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၃ ရက်နေ့ နေပြည်တော်ထိ တုန်လှုပ်ပြီ။ မအလရဲ့ နိဂုံးချုပ်ကြီး ကြေညာလိုက်ပြီ။ ကုလမှာ သေဒဏ်ပေးလိုက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “မအလ ငါးပါးမှောက်ပြီ/ကုလမှာအမိန့်ချလိုက်ပြီ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ၂ ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ ၁၄၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင်ကို UN က သေဒဏ် ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ နဲ့ ၎င်းနဲ့ ဆက်စပ်နေတဲ့သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်နဲ့ နိုင်ငံအချို့က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းကမှ ၎င်းကို သေဒဏ်ပေးထားခြင်း မရှိပါဘူး။
ဒါ့အပြင် ၎င်းတို့ ဖော်ပြထားတဲ့ သတင်း Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ၎င်းတို့ Video ထဲမှာ တစ်ခြားသတင်းအကြောင်းအရာတွေ၊ တစ်ခြားစစ်ရေး သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။