အဆိုပါ သတင်းအမှားကို Cheft Expert ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၃၀ ရက်နေ့ ၁ နာရီ ၅၆ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံနဲ့ ပြုလုပ်ထားပြီး ၎င်း Video ပေါ်မှာ "မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နှတ်ထွက်" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်းရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို Like လုပ်ထားသူများစွာနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ထောင်ချီရှိကာ Facebook ပေ့ချ် ၄ ခုကနေ တစ်ပြိုက်နက် ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် တာဝန်က နုတ်ထွက်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ တာဝန်က အနားယူသွားခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့် အဖွဲ့အစည်းကမှလည်း ထုတ်ပြန်ပြောဆိုထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေအနေနဲ့ လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာရေးသားထားခြင်း ဖြစ်ပါတယ်။
သတင်းအမှားရဲ့ ခေါင်းစဉ်မှာ စစ်ကောင်စီ ခေါင်းဆောင်တာဝန်က နုတ်ထွက်တယ်လို့ ဆိုထားပေမယ့် သတင်းအမှားအတွင်းမှာတော့ ဒီအကြောင်းအရာ လုံးဝ မပါဝင်ပါဘူး။ ၎င်းတို့ တင်ထားတဲ့ Video ထဲမှာတော့ တနေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို နောက်ခံအသံရွတ်ဆိုကာ သတင်းကြေညာတဲ့ပုံစံ ပြုလုပ်ထားပါတယ်။ ဒီ Video ထဲမှာ စစ်ကောင်စီခေါင်းဆောင်နုတ်ထွက်တဲ့အကြောင်းအရာ တစ်လုံးမှ မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး YouTube နဲ့ Facebook ပေါ်ဖြန့်ဝေကာ ၎င်း video ကို ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။