အဆိုပါ သတင်းအတုကို စစ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ရာမှာ ကုန်တင်ကားနဲ့ အိမ်စီးကားတွေ မီးလောင်နေတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံတွေနဲ့အတူ ဂေါ့ရွာ ကနေ ညောင်ကန်ရွာကို လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းနဲ့ AA တပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို စစ်ကောင်စီတပ်တွေက သတင်းအတိအကျရလို့ ဂျက်ဖိုက်တာ ၂ စီးနဲ့ အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေက ဖြန့်ထားတဲ့ ဓါတ်ပုံတွေနဲ့ ဖြစ်စဉ်တွေကို စစ်ဆေးကြည့်တဲ့ အခါမှာတော့ ၂၀၁၉ ခုနှစ်က ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီး ဝါဒဖြန့်ထားတာကို တွေ့ရပါတယ်။
သတင်းအမှားထဲမှာ ပါဝင်တဲ့ ကားတွေ မီးလောင်ထားတဲ့ ဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ည အစောပိုင်း ရှမ်းပြည်မြောက်ပိုင် ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမ ပေါ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး အနီးအနားက ကားတွေ လက်နက်ကျည် ထိမှန်ကာ ကား (၇) စီး မီးလောင်ခဲ့ရတဲ့ ဖြစ်စဉ်က ပုံတွေသာ ဖြစ်ပါတယ်။
အဆိုပါ ၂၀၁၉ ခုနှစ်တုန်းကလည်း ညီနောင်မဟာမိတ်တပ်တွေက ပြင်ဦးလွင် စစ်တက္ကသိုလ်ကို လာရောက်တိုက်ခိုက်ပြီး စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလဖြစ်ပြီး TNLA နဲ့ MNDAA တို့က အရပ်သားတွေရဲ့ ကားတွေကို မီးရှို့ခဲ့တာလို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ခဲ့ပါသေးတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။