အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၁၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ် ယာယီသမ္မတ ဦးမြင့်ဆွေတို့ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ပြသနာ အကြီးကြီးတက်ပြီ။ သေပါပြီ။ ယာယီ သမ္မတ ဦးမြင့်ဆွေ နှုတ်ထွက်။ စာတင်တာ မင်းအောင်လှိုင် ခွင့်မပြု” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၂၇၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ရာထူးတဲ့နုတ်ထွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ယာယီ သမ္မတဦးမြင့်ဆွေဟာ ရာထူးက နုတ်ထွက်သွားခြင်း မရှိပါဘူး။ စစ်ကောင်စီလက်အောက်မှာ ၎င်းရဲ့ လုပ်ငန်းတွေ ဆက်လုပ်နေပြီး စစ်တပ်ပိုင် မီဒီယာတွေမှာလည်း ၎င်းတို့ သတင်းကို ပုံမှန် ဖော်ပြနေဆဲသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။