အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ချို့နဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ချို့က ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံမှာ သတင်းကြေညာနေသူ တစ်ဦးရယ် သီတဂူဆရာတော်ရယ် ပါဝင်တဲ့ ဓါတ်ပုံတွေကို ပေါင်းစပ်အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “၂၃ ရက်နေ့ သီတဂူဆရာတော် ပစ်သတ်ခံရ။ DVB အတည်ပြု ကြေညာပြီ” (အသုံးအနှုံး မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “သီတဂူဆရာတော်ကြီး အရေးပေါ်ပြီ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
သီတဂူဆရာတော် ပစ်သတ်ခံရကြောင်း DVB သတင်းဌာနက အတည်ပြုကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သီတဂူဆရာတော်ဟာ ပစ်သတ်ခံရခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှ ဖော်ပြထားခြင်း မရှိပါဘူး။ သီတဂူဆရာတော်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ Venerable Ashin Nyanissara မှာလည်းနေ့စဉ်ဆိုသလို သူဟောကြားတဲ့ တရားတွေကို ဝေမျှနေဆဲဖြစ်ပါတယ်။ သီတဂူဆရာတော် ရဲ့ အကောင့်ကို ဒီနေရာမှာ ဝင်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ ခေါင်းစဉ်မှာ ရေးထားသလို ဒီ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။