အဆိုပါ သတင်းအတုကို V Share ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီခန့်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ရွှေတိဂုံဘုရားပေါ် ဘုရားဖူးတွေ အများအပြားလာရောက်နေတဲ့ ဓါတ်ပုံတစ်ပုံရယ် ရဲတွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်ကို ပူးတွဲဖော်ပြထားပါတယ်။ ၎င်း Video ရဲ့ အပေါ်မှာ “ ၂ ရက်နေ့ အရေးပေါ်သတင်း၊ ရွှေတိဂုံဘုရား ပေါက်ကွဲမှုဖြစ်ပွား၊ ပိတ်လိုက်ပြီဗျို့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဒီ Video ကို မျှဝေရာမှာတော့ “အရေးပေါ်သတင်း” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၅၇၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွှေတိဂုံဘုရားပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပိတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုသက်သက် ဖြစ်တာကို တွေ့ရပါတယ်။
ရွှေတိဂုံ ဘုရားပေါ် ဖေဖော်ဝါရီလအတွင်းမှာရော ၂၀၂၂ တနှစ်လုံးမှာရော ပေါက်ကွဲမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိသလို ဒီလပိုင်းအတွင်းတွေမှာ ဘုရားဖူးတွေ ဝင်ရောက်ခွင့်လည်း ပိတ်ထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဘုရားပေါ် ပေါက်ကွဲမှုဖြစ်ပြီး ပိတ်လိုက်ပြီလို့ ရေးသားထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ၊ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။