အဆိုပါ သတင်းအမှားကို Nay Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၄ နာရီ ၅၆ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ပန်ဆယ်လို လုပ်ကြံခံရ" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "လွန်ခဲ့တဲ့ ၃ နာရီကျော်လောက်မှာ ဖြစ်သွားတဲ့ USA ရောက် ပန်ဆယ်လို ဓားထိုးခံရ။ ဖြစ်စဥ် အကျဥ်းတော့ မသိရသေး အမည်မသိ အမျိုးသမီးတစ်ယောက်ရဲ့ လက်ချက် ကြောင့် ညာဘက် ပေါင်အရင်း နဲ့ ဝဲဘက် ရင်အုံ ပျက်ရှ ဒါဏ်ရာရရှိကြောင်းသိရ။ ခုလောလောဆယ်တော့ ဆေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူနေကြောင်း သိရပြီး မစိုးရိန်ရကြောင်း ကြားသိရ ။ နောက်ဆက်တွဲသတင်းအနေနဲ့ လုပ်ကြံသူ အမျိုးသမီး လွတ်သွားကြောင်းသိရ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာနဲ့ ထပ်ဆင့်ဝေမျှထားသူများစွာရှိကာ facebook အကောင့်ပေါင်း များစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးက ပန်ဆယ်လိုကို ဓါးနဲ့ထိုးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပန်ဆယ်လိုကိုယ်တိုင် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဒီလို သတင်းအမှားဖြန့်တဲ့သူတွေကို ပြန်ပြီး နောက်ပြောင်တဲ့ ပိုစ့်တွေ တင်ကာ သရော်ထားပါတယ်။ ဓါးထိုးခံရတယ်ဆိုတဲ့ ပိုစ့်ကို Screen Shot ရိုက်ကာ "ဟယ်…. သိတောင် မသိလိုက်ဘူး ဘယ်လိုဖြစ်ရတာလဲ။ စိတ်မကောင်းလိုက်ထှာ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးကာ ပြန်လည်နောက်ပြောင်ထားပါတယ်။ သတင်းအမှားပိုစ့်ကို Screen Shot ရိုက်ကာ ပြန်လည်နောက်ပြောင် ရေးသားထားတဲ့ပိုစ့်ကို ဒီနေရာမှာ ဖတ်ပါ။
ဒါ့အပြင် အာဏာစသိမ်းစဉ် ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သူမကို ဖမ်းမိပြီဆိုတဲ့ သတင်းအမှားတွေ စတင်ခဲ့ပြီး အခုချိန်ထိ သတင်းအမှားတွေဖြန့်နေကြကြောင်း အမေရိက ရောက်ပြန်တော့လည်း သေနတ်နဲ့ ပစ်ခံရတယ်လို့ ဖြန့်လိုက်၊ ဓါးနဲ့ ထိုးခံရတယ်လို့ ဖြန့်လိုက်နဲ့ ဖြစ်တာကြောင့် သတင်းအမှားဖြန့်သူတွေရဲ့ စိတ်ထဲမှာ သူမကို စိုးမိုးနေတာဆိုပြီး ပြန်လည်သရော်ထားပါတယ်။
ပန်ဆယ်လည် ပြန်လည်သရော် ရေးသားထားတဲ့ ပိုစ့်ကို ဒီနေရာ မှာဖတ်ပါ။ သတင်းအမှားဖြန့်ထားတဲ့ Facebook အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး သတင်းအမှားတွေ ဝါဒဖြန့် သတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။