အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်မြို့ အင်းစိန်ထောင်ကို PDF များစီးနင်းခံရ။ ထောင်ဝန်ထမ်းများ မသာပေါ်ကုန်၊ ထောင်သားတွေ သေနတ်ကိုင် တိုက်နေကြပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၄ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၁၂၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အင်းစိန်ထောင်ကို PDF တွေ ဝင်ရောက်စီးနင်းလို့ ထောင်ဝန်ထမ်းတွေ သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အင်းစိန်မြို့မရဲစခန်း နဲ့ အင်းစိန်ထောင်ဂိတ်အမှတ် ၂ တို့မှာ ချိန်ကိုက်မိုင်းတွေ အသုံးပြုပြီးတစ်ပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ Hunter Unit အဖွဲ့ကပြောကြားခဲ့တယ်လို့ ခေတ်သစ် သတင်းဌာနကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ အင်းစိန်မြို့မရဲစခန်း နဲ့ အင်းစိန်ထောင်ဂိတ်အမှတ် ၂ တို့မှာ ချိန်ကိုက်မိုင်းတွေ အသုံးပြုပြီးတစ်ပြိုင်နက် တိုက်ခိုက်ခဲ့ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။