အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်ကတဆင့် လူမှုကွန်ယက်စာမျက်နှာတွေပေါ်ဖြန့်ထားတာဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ လက်ဖက်ခြောက်ထုပ် ကိုင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဓါတ်ပုံနဲ့အတူ “ဆေးခြောက်ရောင်းဖို့အတွက် ခန္ဓာကိုယ်ရင်းပြီး ကြော်ငြာနေတဲ့ PDF အမျိုးသမီးငယ်တစ်ဦး” ဆိုတဲ့ စာသားကို တွဲတင်ကာ ဖြန့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံပေါ်မှာလည်း ညစ်ညမ်း စာသားတစ်ချို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေ ကပါဖြန့်ထားကြတာ ဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
PDF တွေ ဆေးခြောက်ရောင်းပြီး ငွေရှာနေတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်သူတွေ သုံးထားတဲ့ ဓါတ်ပုံဟာ တော်လှန်ရေး ရန်ပုံငွေအတွက် ရောင်းချနေတဲ့ သူပုန်အမှတ်တံဆိပ် လက်ဖက်ခြောက် ကြော်ငြာထားတဲ့ ပုံဖြစ်ပြီး စစ်ကောင်စီထောက်ခံသူတွေက ပြန်ယူက ပုံကို အခုလို ပြုပြင်ပြီး ဝါဒဖြန့် သတင်းအမှား ဖြန့်လာတာ ဖြစ်ပါတယ်။
မူရင်းဓါတ်ပုံဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ နယ်သာလန်နိုင်ငံ မှာ သူပုန်အမှတ်တံဆိပ် လက်ဖက်ခြောက် ရနေပြီလို့ ကြောငြာထားတဲ့ ဓါတ်ပုံက ပုံဖြစ်ပါတယ်။ မူရင်းကြော်ငြာထားတဲ့ ပုံကို ဒီနေရာမှာ ကြည့်ပါ။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သည်မည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဖြန့်နေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။