အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်း သန်းရွှေ နဲ့ တရုတ်ခေါင်းဆောင်ပိုင်း တစ်ဦး လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေ သုံးထားပြီး ဓါတ်ပုံပေါ်မှာ “တရုတ်နဲ့ သန်းရွှေကပါ မလိုချင်တော့တဲ့ မင်းအောင်လှိုင် နှုတ်ထွက်မဲ့သတင်း၊ တစ်နိုင်ငံလုံး ပြည်သူများ နားထောင်ပေးပါ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၁ သိန်းကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာ စစ်တပ်က တပ်စခန်းတွေ များစွာအသိမ်းခံရတာတွေ မြို့တွေ သိမ်းခံရမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စစ်ကောင်စီတပ်ဟာ အပစ်ရပ်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ကိုးကန့်နဲ့ ယာယီအပစ်ရပ်မှု ရှိပေမယ့် TNLA နဲ့ AA နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက အထိနာနေပါတယ်။
ဒီလို အထိနာလာတဲ့အတွက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တပ်တွင်း ထောက်ခံသူတွေကပါ ဝေဖန်မှု မြင့်တက်လာပြီး မဘသ အဖွဲ့ဝင်တွေကပါ ဆန္ဒပြမှုတွေ ရှိလာခဲ့ကာ စစ်ကောင်စီကို ဖြုတ်ချပြီး ဒုချုပ်စိုးဝင်းကို ကာချုပ်ရာထူးပေးမယ်ဆိုတဲ့ ကောလဟာလတွေပါ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရာထူးက ဖြုတ်ခံရခြင်း မရှိသလို ၎င်းရာထူးကို မည်သူကမှလည်း ဖိအားမပေးနိုင်သေးပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။