အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ သတင်းကြေညာသူတစ်ဦးရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အထူးသတင်းကြီး၊ များများရှဲလ်ကြပါ။ စစ်ခေါင်းဆောင် ဆေးရုံမှာ ဆုံးသွားပြီ။ DVB အတည်ပြုကြေငြာ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၁၅၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်း စစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင် သေဆုံးသွားပြီဆိုတဲ့ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ဆေးရုံတက်ရောက်ခြင်းလည်းမရှိသလို သေဆုံးသွားခြင်းလည်း မရှိပါဘူး။ စစ်ကောင်စီဘက်က ဖြန့်ဝေတဲ့ သတင်းမီဒီယာတွေမှာ ၎င်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မြင်တွေ့နေရဆဲသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တနေ့တာ ထွက်ပေါ်ခဲ့တဲ့ စစ်ရေးသတင်းတွေ၊ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။