အဆိုပါ သတင်းအမှားကို Aung Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတစ်ဦး တွေ့ဆုံ စကားပြောနေတဲ့ ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံရယ်ကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ "မွန်းလွဲ(၃)နာရီခွဲ ဂျပန်ဝန်ကြီး အမေစုနဲ့တွေ့ဆုံပြီ မအလ လေသံပျော့လာပြီ" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် မျှဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၆၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်းကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တစ်ခုနဲ့ YouTube ချန်နယ်တစ်ခုကလည်း ဖြန့်ဝေထားကြတာဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးတွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲမှာသာ ရှိပြီး ကျန်းမာရေးကောင်းမွန်ပြီး မည်သူတစ်ဦးတစ်ယောက်နဲ့မှ တွေ့ဆုံခွင့်ရခြင်း မရှိပါဘူး။ သူမနဲ့ပတ်သက်တဲ့နောက်ဆက်တွဲစုံစမ်းသတင်းရေးသားမှုတွေရှိပေမယ့် လက်ရှိအချိန်အထိနောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ တိကျတဲ့အခြေအနေတွေကိုတော့ သတင်းဌာနတွေက မသိရှိနိုင်သေးပါဘူး။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ပေးဖို့ တိုက်တွန်းထားတဲ့ သတင်းတစ်ပုဒ်နဲ့ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ဖန်တီးထားတဲ့ Cilck baits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။