အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိူင်လ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။
ဒီ Video ရဲ့ နောက်ခံမှာ အာဆီယံခေါင်းဆောင်တွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံရယ်၊ အခြားဓါတ်ပုံတွေကို ဖောပြထားပြီး ဓါတ်ပုံပေါ်မှာ “ဘုံသဘောတူညီချက် ချိုးဖောက်မှုနဲ့ မင်းအောင်လှိုင်ကို အာဆီယံ အရေးယူပြီး အာဆီယံအဖွဲ့မှထုတ်ပယ်။ သံရုံးအကုန်ပိတ်သိမ်းခံရ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံက အရေးယူတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံက အရေးယူခြင်းမရှိသလို အဖွဲ့အတွင်းက ထုတ်ပယ်ခြင်းလည်း မရှိပါဘူး။ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းရော အာဆီယံဒေသတွင်းက မြန်မာသံရုံးတွေရော ပိတ်သိမ်းခံရခြင်းလည်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။