အဆိုပါ သတင်းအတုကို TikTok လူမှုကွန်ယက် သုံးစွဲသူတွေက ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ထဲမှာ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် မြင့်မြတ် ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ Video အပေါ်မှာ စာရေးထားသလို နောက်ခံ အသံလည်း ရွက်ဆိုကာ သေဆုံးသွားတဲ့အကြောင်း ထပ်မံ ပြောဆိုထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ TikTok Video ကို ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် မြင့်မြတ် ကွယ်လွန်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုတစ်ပုဒ်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။
ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်ဟာ သေဆုံးသွားခြင်း မရှိပါဘူး။ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကို နေ့စဉ် အသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒီသတင်းအမှားဟာ ၎င်းတို့ Video ကို လူအများဝင်ရောက် ကြည့်ရှု့အောင် ခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ TikTok Video သာ ဖြစ်ပါတယ်။