အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ အဆောက်အဦးတွေ မီးလောင်ကျွမ်းနေတဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်မြို့လယ်ကောင်မှာ စစ်ကောင်စီ လေယာဉ်ပျက်ကျလို့ ဗိုလ်မှုးအပါအဝင် ပြည်သူ ၂၈ ဦးသေဆုံး” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “ရန်ကုန်မြို့ အရေးပေါ်ပြီ၊ သေကုန်ပြီ” လို့ ထပ်မံရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၆၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မြို့လယ်ကောင်မှာ စစ်ကောင်စီလေယာဉ်တစ်စီး ပျက်ကျပြီး ဗိုလ်မှုးအပါအဝင် ပြည်သူ ၂၈ ဦးသေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မြို့လည်ကောင်မှာ စစ်ကောင်စီလေယာဉ် ပျက်ကျတဲ့ ဖြစ်စဉ်မရှိသလို တစ်ခြား မည်သည့်နေရာမှာမှ ပျက်ကျတဲ့ဖြစ်စဉ် မရှိသေးပါဘူး။ ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ “မင်းကင်းမြို့အဝင်၌ တပ်စွဲထားသော ပျူစောထီးစခန်းကို တိုက်ခိုက်မှု ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ” ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။