ဒီသတင်းရဲ့အကျိူးသက်ရောက်မှူဟာ လူအများကို လွဲမှားတဲ့အချက်အလက်တွေပျံ့နှံ့စေသလို အမျိူးသားတွေကြားထဲမှာနောက်ပြောင်ဝေမျှစရာအကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းကလူမှူကွန်ရက်သုံးစွဲသူတွေကြားထဲမှာ ရက်အတန်ကြာပျံ့နှံ့ခဲ့ရုံမက ကာတွန်းအဖြစ် ဖန်တီးရေးဆွဲမှူတွေပါရှိခဲ့ပါတယ်။
ဧရာဝတီသတင်းဌာနက ရေးသားခဲ့တဲ့ ဒီသတင်းဟာ တကယ်ပဲယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေ ၊ မှန်ကန်တဲ့အထောက်အထားတွေပြည့်စုံခဲ့ရဲ့လားဆိုတာတွေကို ဒီဆောင်းပါးမှာဆက်လက်လေ့လာနိုင်ပါတယ်။
ဒီသတင်းနဲ့ ပါတ်သတ်ပြီး BOOM Myanmar က သတင်းဆန်းစစ်လေ့လာတဲ့ အခါမှာတော့ ဒါဟာအချက်အလက်အရ ပြီးပြည့်စုံခြင်း မရှိတဲ့သတင်းဖြစ်သလို ကိုးကားပြန် ဆိုတဲ့ မူရင်းဝဘ်ဆိုက်ဟာလည်းအငြင်းပွားဖွယ်ရာ အထောက်အထားတချိူ့ကို အခြေပြုပြီးရေးသားခဲ့တာဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ဒီသတင်းကို ဧရာဝတီသတင်းဌာနက ဧပြီလ ၂၁ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပြီး အဲဒီ့နေ့မှာပဲ သတင်းဌာနရဲ ဖျော်ဖြေရေးစမျက်နှာဖြစ်တဲ့ The Irrawaddy Lifestyle ဖေ့စ်ဘွတ်စာမျက်နှာမှာ ထပ်ဆင့်ဖော်ပြခဲ့ရာမှာတော့ ပြန်လည်ဖြန့်ဝေသူ တစ်သောင်းသုံးထောင်ကျော်ရှိခဲ့ပါတယ်။
ပုံမှန်အားဖြင့်ဖေ့စ်ဘွတ်ပေါ်က အကြောင်းအရာတစ်ခုဟာ ဝေမျှသူထောင်ဂဏန်းရှိရုံနဲ့လူတော်တော်များများထံပျံ့နှံ့ရောက်ရှိနိုင်ပြီး ယုံကြည်စိတ်ချရတဲ့သတင်းဌာနတစ်ခုက သောင်းနဲ့ချီဝေမျှတဲ့သတင်းတစ်ခုဟာ ပမာဏဘယ်လောက်များများပျံ့နှံ့နိုင်မယ်ဆိုတာ မှန်းဆနိုင်မှာဖြစ်ပါတယ်။
The Irrawaddy Lifestyle ဖေ့စ်ဘွတ်ပေ့ချ် တွင် ထပ်ဆင့်ဖော်ပြတဲ့ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။
ဧရာဝတီသတင်းက ဒီသတင်းကို ရေးသားဖော်ပြရာမှာ - ကိုရိုနာဗိုင်းရပ်စ်ဟာ ဝှေးစေ့အတွင်းမှာ ပုန်းခိုနေထိုင်နိုင်ခြင်းကြောင့် အမျိုးသားတွေမှာ ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်တဲ့ ဖျားနာမှုတွေ ဖြစ်ရလေ့ရှိကြောင်း၊ အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ ကိုယ်ခံအားစနစ် သက်ရောက်နိုင်တဲ့ စွမ်းအား မရှိတဲ့အတွက် ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းနေရာတွေထက် ဝှေးစေ့မှာ အချိန်ကြာမြင့်တဲ့အထိ နေနိုင်ကြောင်း စတဲ့ အချက်တွေကို ဖော်ပြပြီး ဒီသတင်းဟာ New York Post သတင်းဌာနရဲ့ သတင်းကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။
ဒီသတင်းကို New York Post သတင်းဌာနက မဖော်ပြမီ ကျန်းမာရေးအကြောင်းအရာများ အသားပေး ရေးသားတဲ့ Mail Online ဆိုတဲ့ ဝက်ဆိုက်မှာလည်း ဧပြီ ၁၈ က ဖော်ပြခဲ့ထားတာပါ။
သတင်းဆန်းစစ်ချက်
ဒီသတင်းကို ဆန်းစစ်ဘို့ BOOM အနေနဲ့ ပထမဆုံး ပြုလုပ်တာကတော့ ဧရာဝတီသတင်းထဲမှာ ညွှန်းဆိုထားတဲ့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ Kasturba ဆေးရုံမှ သုတေသနပညာရှင် ဒေါက်တာ Aditi Shastri နဲ့ သူ့မိခင် ဒေါက်တာ Jayanthi Shastri ဆိုတာကို ဆက်သွယ်ရန်ကြိုးစားခဲ့ပါတယ်။
အိန္ဒိယမှာ ရှိတဲ့ BOOM အဖွဲ့က ဒေါက်တာ Jayanti Shastri ထံ ဆက်သွယ်မေးမြန်းခဲ့ ရာမှာတော့ သူမအနေဲ့ သုတေသနပြုဆဲအဆင့်သာ ရှိသေးတဲ့ အတွက် ဒါကိုထုတ်မပြောထားဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ မူရင်းသတင်း NY Post မှာဖော်ပြခဲ့တဲ့ သူမပြောကြားတယ် ဆိုတဲ့ ဟာကို ငြင်းဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒေါက်တာ Jayanti Shastri ရဲ့ ကိုယ်ရေးအကျဉ်းကို ဒီမှာ ကြည့်နိုင်ပါတယ်။
ဧရာဝတီ နဲ့ New York Post တွင် ဖော်ပြခဲ့တဲ့ အပိုဒ်ကို အောက်ပါပုံမှာ ကြည့်ရှု့နိုင်ပါတယ်။
နောက်တဆင့်အနေနဲ့ လေ့လာမှုတွေလုပ်တဲ့ အခါမှာတော့ Dr Kyaw Nyi Nyi Latt ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ဒီသတင်းနဲ့ ပါတ်သတ်ပြီး ဧပြီ ၂၂ ရက်နေ့က Live လွှင့်ကာ ရှင်းလင်းထားတာတွေ့ရပါတယ်။
သူ့ရဲ့ Live မှာ ပြောကြားတဲ့ အချက်များအရ ဒီသတင်းနဲ့ ပါတ်သတ်ပြီး ပညာရှင်တွေပြန်ရှင်းထားတဲ့ အချက်တွေကို ထောက်ပြပြောဆိုတဲ့ အတွက် BOOM အနေနဲ့ ဒေါက်တာ ကျော်ညီညီလတ် ထံ ဆက်သွယ်ကာ သူပြောတဲ့ အထောက်အထားတွေကို တောင်းယူကြည့်ရှု့ခဲ့ပါတယ်။
သူ့ရဲ့ Live ဗွီဒီယိုမှာ ရှင်းလင်းထားတာက " ဗိုင်းရပ်စ်ပညာရှင် ပြန်ရှင်းထားတာက ဗိုင်းရပ်စ်တွေက ဝှေးစေ့ကို ရောက်ဘို့ုဆိုရင် သွေးစီးချောင်းကနေ သွားရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဗိုင်ရပ်စ်တွေက အဲ့လိုမသွားဘူး။ ဗိုင်းရပ်စ်တွေ အဓိက မျိုးပွားတဲ့ နေရာသည် အသက်ရှူလမ်းကြောင်းသာလျှင် ဖြစ်တယ်။ အသက်ရှူလမ်းကြောင်းမှာ မျိုးပွားလိုက်တဲ့ ဗိုင်းရပ်စ် သည် သွေးစီးချောင်းနဲ့ ဝှေးစေ့ဆီကို ရောက်ဘို့ဆိုတာ ဘယ်လိုမှမလွယ်ဘူးဗျ။ ဗိုင်းရပ်စ်ပွားတဲ့ နေရာရဲ့ အဓိက က ဘယ်မှာလဲဆိုတော့ အသက်ရှူလမ်းကြောင်းမှာ။ အဲ့တော့ တခြားအင်္ဂါတွေ ရောက်ဘို့ သွေးစီးချောင်းကနေ သွားဘို့ဆိုရင် ဒီအချက်ကလည်း မဖြစ်နိုင်ဘူးလို့ ပြောရမယ်။ တဘက်မှာလည်း သူတို့ပြောတဲ့စမ်းသပ်တဲ့ လူနာတွေကို ကြည့်လိုက်တော့လည်း ဝှေးစေ့နမူနာ ယူတဲ့ လူနာဆိုတာလည်း နည်းနည်းလေးပဲ ရှိတယ်။ အခြေအမြစ် မရှိဘူး။" လို့ ပြောဆိုထားပါတယ်။
တကယ်တော့ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သတင်းမှာပါတဲ့ ဆရာဝန်တွေဟာ လေ့လာခဲ့တယ်ဆိုပေမယ့် အဲ့ဒီသူတသနပြုချက်ကို အတည်ပြုထုတ်ပြန်ရခြင်းမရှိသေးသလို နိုင်ငံတကာဆေးပညာဆိုင်ရာအဖွဲ့အစည်းတွေက အတည်ပြုလက်ခံခြင်းမရှိသေးပါဘူး။ဒါဟာ လေ့လာနေဆဲအဆင့် တကယ်မသေချာသေးတဲ့အဆင့်လို့ဆိုလိုတာဖြစ်ပါတယ်။
အဲ့ဒီအပြင် ဒီလေ့လာမှူကိုထုတ်ပြန်ထားတဲ့ medrxiv ဆိုတဲ့အဖွဲ့အစည်း(ဧရာဝတီမှာ MedRxix လို့မှားယွင်းရေးသားထား) ဟာ သုတေသနပြုချက်တွေနဲ့ပတ်သက်လို့ လူတွေကြားထဲတရားဝင်မရောက်ရှိသေးတဲ့ စာတမ်း ၊သုတေသနတွေကို ထုတ်ပြန်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
ဒေါက်တာ ကျော်ညီညီလတ် ပေးပို့တဲ့ ဒီသတင်းအပေါ် ပညာရှင်တွေရဲ့ တုံ့ပြန်ပြောဆိုထားတဲ့ လင့် တွင်ဝင်ရောက်ကြည့်ရှု့ ရာမှာ ဧဒင်ဘာဂ့် တက္ကသိုလ် (University of Edinburgh) ရဲ့ မျိုးဆက်ပွားကျန်းမာရေး ဌာန၊ သုသေနအဖွဲ့ ခေါင်းဆောင် နဲ့ ကလေးအထူးကု အတိုင်ပင်ခံ ဒေါက်တာ ရော့မစ်ရှဲ က
"ဒီလို ဝှေးစေ့ကို ဝင်ပြီးကိုက်တယ်ဆိုတာ မဖြစ်နိုင်တဲ့ အချက်နှစ်ချက်ရှိတယ်။ပထမ အချက်က သူတို့ပြောနေတဲ့ အရေအတွက်သည် အလွန်တရာမှ နည်းပါးတယ်။ ကောက်ချက်ချဘို့ အတွက် အရေအတွက် မရှဘူး။ လူနည်းနည်းလေးကိုပဲ ကြည့်ပြီးတော့မှ ပြောနေတယ်။နောက်တစ်ချက်က အဲ့လူနာတွေရဲ့ သွေးထဲမှာ ရှိနေတဲ့ ဗိုင်းရပ်စ်အရေအတွက်တို့၊ Risk factor ဆိုတဲ့ သူ့ရဲ့ အန္တရယ်ဖြစ်စေနိုင်တဲ့ အကြောင်းအခံ တွေရယ်၊ နောက်ပြီး ဟော်မုန်းတွေရဲ့ အကာအကွယ် ( ယောက်ျားဆိုရင် ယောက်ျားဟော်မုန်း၊ မိန်းမဆိုရင် မိန်းမ ဟောမုန်း) အဲ့ဟော်မုန်းတွေကြောင့် ပိုဆိုးသလားဆိုတဲ့ အချက်တွေရယ် ကို မစဉ်းစားပဲနဲ့ ဒီလိုကောက်ချက်ဆွဲတာ ဖြစ်တဲ့အတွက် ဒီရဲ့ ရလဒ်ဟာ ဖြစ်တန်စွမ်း မရှိဘူးလို့ပဲ ပြောရမယ်။" လို့ ပြောထားပါတယ်။
ဒေါက်တာ ကျော်ညီညီလတ်က သူ့ရဲ့ Live ဗွီဒီယိုမှာ "ကျွန်တော်တို့က သတင်းတစ်ခုတက်လာတယ်ဆိုရင် အဲ့သတင်းကို ကြည့်ပြီးတော့မှ အြခေအမြစ်မရှိတာတွေကို လိုက်လိုက်ရှင်းနေရတယ်။ ခုလည်း ကြည့်အုံးလေ ရှက်စရာကြီး။ ဝှေးစေ့ကို ဝင်ကိုက်တယ်တဲ့။ ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်လေ။ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အမျိုးသားထုကြီးတစ်ရပ်လုံး မစိုးရိမ်ပါနဲ့။ ကိုဗီတူးက ဝှေးစေ့ကို ဝင်မကိုက်ပါဘူး။" လို့ ပြောဆိုသွားပါသေးတယ်။
Boom Myanmar က ဒီသတင်းတင်တဲ့မူရင်းသတင်းဌာနအပြင် တခြားသောနိုင်ငံတကာသတင်းဌာနတချိူ့ကိုဆက်လက်စောင့်ကြည့်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့တွေ့ရတာက ဒီအမျိူးသားအင်္ဂါနဲ့ပတ်သက်လို့ရေးသားခဲ့တဲ့သတင်းဌာနတွေထဲမှာအချက်အလက်အမှန်ရေးသားပေးပို့မှူနဲ့ပတ်သက်ရင် ယုံကြည်စိတ်ချရတယ်ဆိုတဲ့ သတင်းဌာနတွေက တင်ဆက်ရေးသားထားတာမရှိခဲ့ပါဘူး။ အများအားဖြင့် ဗြိတိန်အခြေစိုက် အတင်းအဖျင်းတွေနဲ့ မမှန်ကန်တဲ့သတင်းတွေကိုဖေါ်ပြလေ့ရှိတဲ့ Daily Mail ၊ The Sun စတဲ့ မီဒီယာမျိူးတွေကသာ ဒီလိုအကြောင်းအရာတွေကို ရေးသားဖြန့်ချိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ NY Post ကလည်း ဒီအကြောင်းအရာကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။