ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ် တစ်ခုမှာ အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့် အချို့က လည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလ မိုက်ကြေးခွဲ။ ဖိုးလပြည့်ကို ဖမ်းဆီးလိုက်ပြီ။ ဇော်မဲလုံး အတည်ပြုပြီ။ နေပြည်တော်မှာ အချင်းချင်းကို ပွက်လောရိုက်ကုန်ပြီဗျို့' ဆိုတဲ့စာသားတွေနဲ့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာရှင်ဟောင်းရဲ့ မြေး ဖိုးလပြည့် ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်၊ နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာပါ။
ဒေါက်တာနေစိုးမောင် နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်တယ်လို့ ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့် ထားကြောင်း ပြီးခဲ့တဲ့ အပတ်အတွင်း တရားဝင်ထုတ်ပြန်ထားပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အာဏာရှင်ဟောင်းရဲ့ မြေး ဖိုးလပြည့် ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ရေးသားဖော်ပြထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။