ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ရန်ကုန်မြစ်နတ်မင်းအကူညီနဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ပြန်လည် တွေ့ရှိ။ ရန်ကုန်မြစ်ထဲ ပျောက်ဆုံးနေတဲ့ ဓမ္မစေတီခေါင်းလောင်း ရေနတ်မင်းအကူညီနဲ့ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီ’ ဆိုပြီး ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်စစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ဓမ္မစေတီခေါင်းလောင်းကြီး ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဗွီဒီယိုဖိုင်ထဲမှာ ခေါင်းလောင်းကြီး တကယ်ရှိခဲ့တယ်၊ မရှိခဲ့ဘူးဆိုတဲ့ အကြောင်းအရာကို ထင်ကြေးပေး ပြောဆိုထားတာပါ။
ရန်ကုန်မြို့တောင်ဘက် မြစ်သုံးခုဆုံရာနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က နစ်မြှပ်ခဲ့တယ်လို့ ယုံကြည်နေတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တပ်မတော် ရေတပ် အငြိမ်းစားတပ်သားတဦးဖြစ်တဲ့ ဦးစံလင်းခေါင်းဆောင်တဲ့အဖွဲ့က ပြန်လည်ဆယ်ယူမယ် ဆိုပြီး ၂၀၁၄ ခုနှစ်အတွင်းက ကတိပြု ကြုံးဝါးခဲ့ရာက စပြီး ဒီဇာတ်လမ်းတွေက မကြာခဏ လူမှုမီဒီယာတွေပေါ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဦးစံလင်းက ခေါင်းလောင်းကြီး ရရှိရေးကို ၁၉၉၇ ခုနှစ်က စတင် ရှာဖွေခဲ့တာဖြစ်ပြီး ခေါင်းလောင်းကြီးကို တွေ့ပြီဆိုပြီး မကြာခဏ ပြောဆိုပေမယ့် တကြိမ်တစ်ခါမှ ဆယ်ယူနိုင်ခဲ့တာ မရှိသေးပါဘူး။ နောက်ဆုံး ခေါင်းလောင်းကြီးကို မဆယ်နိုင်တာက နတ်နဂါးတွေကြောင့်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပြီး သတင်းအစအန ပျောက်နေတာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပက်သတ်ပြီး ဧရာဝတီသတင်းဌာန မှာ ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ပါသေးတယ်။
ဧရာဝတီသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ဝေဖန်ရေး ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
တကယ်တော့ ဓမ္မစေတီခေါင်းလောင်းကြီး ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ ဘယ်သတင်းဌာနတွေ မှာမှ ရေးသားဖော်ပြထားတာ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။