ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နန်းတွင်းကို ဒီညသိမ်းမည်။ မန္တလေးကို PDF ဝင်စီးနေပြီ။ အင်အား ၁၇၀၀ ဖြင့် ဝင်ရောက်လာပြီး ရဲ၊ စစ်သား အကုန်လိုက်သတ်နေပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၉ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ နှစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးမြို့ကို PDF ဝင်စီးနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now သတင်းဌာနမှာ ဇွန်လ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'တစ်ကျော့ပြန် TNLA ထိုးစစ် တရုတ်နှင့် ဆက်စပ်နေဟု စစ်တပ်သတင်းဌာနများစွပ်စွဲ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တရုတ်အစိုးရ ပါဝင်ပတ်သက် နေကြောင်း စစ်ကောင်စီကို အားပေးထောက်ခံတဲ့ မီဒီယာတွေမှာ ဖော်ပြနေတယ်ဆိုတဲ့ အကြောင်းအရာကို ရေးသားထားတာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ မန္တလေးမြို့ကို PDF တွေ ဝင်စီးနေတယ်ဆိုတဲ့ အကြောင်းအရာ မပါပါဘူး။
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။