ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုင်ဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလ ထိုင်ခုံက ဆင်းရပြီဟေ့။ ရန်ကုန်နဲ့ မန္တလေး PDF/KIA/KNU ၃ သိန်း နေရာယူပြီ။ မြောက်ဥက္ကလာမှာ ချနေပြီဟေ့' လို့ ရေးသား ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထား တာသာ ဖြစ်ပါတယ်။
သတင်းအမှား ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အများစုဟာ Daily Square ဆိုတဲ့ Youtube ချန်နယ်က သတင်းအမှား ဗီဒီယိုဖိုင်တွေကို ပြန်လည်ကူးယူ ဖော်ပြနေတာ တွေ့ရပါတယ်။
ဒီချန်နယ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ သတင်းဌာနတွေက သတင်းတွေကို ပြန်လည်ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗီဒီယိုတွေ ရှိသလို သတင်းအမှန်နဲ့ အမှား ရောပြီး ကြည့်ရှု့သူတွေ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။