ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အိမ်ဖြူတော်ကနေ ပြင်းထန်တဲ့ အမိန့်ထွက်။ လွှတ်တော်ရဲ့ ဆွေးနွေးမှုနဲ့ မြန်မာပြည်က ဒီမိုကရေစီ ဘက်တော်သားအားလုံး ၂ ပတ်အတွင်း အကုန်လွှတ်ရန် အမိန့်ထုတ်' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံက ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ အမေရိကန် အိမ်ဖြူတော် အမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ VOA သတင်းဌာနမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖော်ပြထားတဲ့ 'ကန်မှာ ကျင်းပတဲ့ မြန်မာ့အရေး ညီလာခံ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မြို့တော် Indianapolis မှာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ညီလာခံအကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ အမေရိကန် အိမ်ဖြူတော် အမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
VOA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။