ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြင်ဦးလွင် အရေးပေါ်။ တရုတ်လည်း တားမရတော့ဘူး။ ဆက်တိုက်ဗုံးကျဲနေတဲ့ စစ်ကောင်စီကို စစ်ကြေညာပြီ။ MNDAA နဲ့ TNLA အရေးပေါ် ကြေညာ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
MNDAA က စစ်ကောင်စီကို စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media ဇန်နဝါရီ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ 'တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ခက်ခဲနေမှု စီမံကိန်း ကန့်ကွက်ခဲ့သူများကို မင်းအောင်လှိုင် အပြစ်ဖို့ပြန်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား မလုံလောက်မှု စီမံကိန်းတွေ ကန့်ကွက်ခဲ့သူတွေကို အပြစ်တင်လိုက်ကြောင်း၊ ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ အောင်မြင်ခဲ့ပါက တစ်နိုင်ငံလုံး ဓာတ်အား လုံလုံလောက်လောက် ရရှိနေမှာ ဖြစ်တယ်လို့ ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ကြောင်း၊ ၎င်းက လျှပ်စစ်ဓာတ်အား မလုံလောက်မှုတွေဟာ ၎င်းတို့ စစ်ကောင်စီရဲ့ အပြစ်ကြောင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း စီမံကိန်းတွေအပေါ် ကန့်ကွက်သူတွေကြောင့် လုပ်ငန်းအကောင်အထည် ဖော်မှု ရပ်တန့်သွားခဲ့ရတာဖြစ်တယ်လို့ အပြစ်တင်ပြောဆိုခဲ့ကြောင်း ရေးသားထားတာပါ။
ဒီအကြောင်းအရာထဲမှာ MNDAA က စစ်ကောင်စီကို စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။လက်ရှိမှာ MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ထပ်မံ တွေ့ဆုံဖို့ သဘောတူထားပြီး တွေ့ဆုံပွဲကို ကိုးကန့်အဖွဲ့ဘက်က တက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြနေပါတယ်။
တရုတ်နိုင်ငံ ကြားဝင်စီစဉ်ပေးမှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅) ရက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကနဦး တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် နှစ်ဘက်ကိုယ်စားလှယ်တွေကြား သဘောတူညီမှု တစုံတရာ မရခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။