ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ local celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်စု အပြတ်သတ်ပြောပြီဟေ့။ မင်းအောင်လှိုင်က ဆွေးနွေးရန်ကမ်းလှမ်းမှု ပယ်ချ။ NUG ကို အာဏာလွှဲပေးမှ လက်ခံမယ်လို့ပြော' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ရဲ့ ဆွေးနွေးရန်ကမ်းလှမ်းမှု ဒေါ်အောင်ဆန်းစုကြည် ပယ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ 'ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် မအလတောင်းဆိုချက် အမေစု ပယ်ချ' ဆိုပြီး ကိုယ်ပိုင်အမြင်တွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီပြောဆိုချက်တွေဟာ လုပ်ကြံဖန်တီးပြီး တဘက်သတ်အမြင်တွေသာ ဖြစ်ပြီး ဒီအကြောင်းအရာမျိုးတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာ၀တီတိုင်းက သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေက ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တယ်လို့ RFA သတင်းဌာမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။