ဒီအကြောင်းအရာကို စစ်ကောင်စီကို တော်လှန်နေတယ်ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ ဖေဖော်ဝါရီ ၂၂ ရက် နေ့မှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'အသံထက်သုံးဆမြန်သည် အမေရိကန်လေယာဉ် နေပြည်တော်ကို ထောက်လှမ်းရေးပြုလုပ်သွား' လို့ ရေးသားကာ ပိုစ့်အောက်က မှတ်ချက်ထဲမှာ နေပြည်တော် နယ်မြေ မြေပုံပေါ်မှာ ဂျက်လေယာဉ်တစ်စီးပုံ ပါတဲ့ ပုံတစ်ခု မှတ်ချက် ပေးထားတာပဲ ဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန်လေယာဉ်တစ်စင်း နေပြည်တော်ကို ထောက်လှမ်းရေးလုပ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
သူပြထားတဲ့ မြေပုံပေါ်က လေယာဉ်ပျံပုံဟာ နေပြည်တော်ကို အမေရိကန်လေယာဉ် လာရောက် ထောက်လှမ်းတယ်ဆိုတဲ့ အချက်ကို တိကျသေခြာတဲ့ အထောက်အထားတစ်ခု ဖြစ်မနေပါဘူး။
ဒါ့အပြင် ဒီလိုအကြောင်းအရာမျိုးကို ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း၊ သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။