ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MM TOP DAILY ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နန်းတွင်းမသာစာရင်းထွက်ပြီ။ စစ်ဘီလူးများ ခိုအောင်းတဲ့ မန္တလေးနန်းတွင်း ရှော့တိုက်ထိမှန်။ တိုင်းမှူးအပါဝင်ရာရှိ (၁၅) ဦးသေဆုံး’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးနန်းတွင်း ရှော့တိုက်ဒုံး ပစ်ခတ်မှု တိုင်းမှူးအပါအဝင် အရာရှိ ၁၅ ဦး သေဆုံးဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ ‘မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်နှင့် အမျိုးသမီး စစ်သည်အဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီးအဆင့် ၁ ဦးသေဆုံး’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ပစ်ခတ်မှုဖြစ်စဉ်အတွင်း တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်တွေနဲ့ စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီး အဆင့် ၁ ဦး သေဆုံးကြောင်း၊ သေဆုံးသူအမည်နဲ့ ရာထူးကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အမျိုးသမီးစစ်သည် အဆောင်ကို ထိမှန်ပေါက်ကွဲခဲ့တဲ့အတွက် စစ်သည်အချို့ ထိခိုက်မှုတွေ ရှိခဲ့ကြောင်းနဲ့ အခြားဒဏ်ရာရရှိသူ အများအပြားလည်း ရှိကြောင်း ရေးသားထားပါတယ်။
ဒီထဲမှာ တိုင်းမှူးနဲ့ အရာရှိ ၁၅ ဦး သေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
မန္တလေး နန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၂ နာရီကျော်အချိန်မှာ မဟာမိတ်မြို့ပြ ပြောက်ကြားတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၆လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ စစ်တပ်က မန္တလေး မြို့တွင်း/မြို့ပြင်ကို အင်အားအများအပြား အသုံးပြုပြီး ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။