ဒီအကြောင်းအရာကို ဖြန့်ဝေရာမှာ စုံတွဲပုံရိုက်ကူးထားတဲ့ သူ ၂ ဦးရဲ့ ဓါတ်ပုံတွေနဲ့ မအိသဉ္ဇာမောင်တစ်ဦးတည်းရိုက်ကူးထားတဲ့ ဓါတ်ပုံကိုပါတွဲတင်ထားပြီး NUG ဒုဝန်ကြီးဖြစ်သူဟာ အရေးတော်အောင်တဲ့အထိ မစောင့်ဘဲ ဘာသာခြားနဲ့ ယူသွားပြီဆိုတဲ့စာသားတွေနဲ့ ရေးသား ဖြန့်ဝေထားတာဖြစ်ပါတယ်။
တစ်ချို့ရေးသားဖြန့်ဝေမှုတွေမှာ "Nug က ဒုဝန်ကြီးဆိုလား ဘာလားဆိုတဲ့ ဒေါ်အိသင်ဇာမောင်ကတော့ တော်လှန်ရေးပြီးတဲ့အထိ မစောင့်နိုင်လို မင်္ဂလာဆောင်သွားပါပြီ။ ကဲ မပြောခဲ့ဘူးလား။ ဒါတွေကို မြင်လို့ ဒင်းတို့က ဒီလိုတွေ လုပ်ခဲ့ကြတာ ပါဆိုနေမှ" လို့ ခေါင်းစဉ်တပ်ပြီးရေးသားဖြန့်ဝေထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ အကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ စစ်ကောင်စီထောက်ခံတဲ့ Group တွေထဲကို ထပ်ဆင့်မျှဝေခြင်း ၊ ကူးယူဖော်ပြခြင်းတွေရှိခဲ့ပါတယ်။
သတင်းဆန်းစစ်ချက်
စုံတွဲ ဓါတ်ပုံထဲမှာပါတဲ့ အမျိုးသမီးဟာ မအိသဉ္ဇာမောင် မဟုတ်ပါဘူး။ ဒီစုံတွဲ ဓါတ်ပုံတွေနဲ့ ၎င်းရဲ့ ပုံကို တွဲပြီး လူမှုကွန်ယက်ပေါ် ဘာသာရေးသွေးထိုးလှုံ့ဆော်ဖို့ ဖြန့်ဝေနေကြခြင်းသာ ဖြစ်ပါတယ်။
စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ဝေကြတဲ့ ပိုစ့်တွေကို NUG ထောက်ခံသူတွေကပါ နောက်ပြောင်ပြီး ဖြန့်ဝေနေကြတဲ့အတွက် မေလ လဆန်းရက်မှာ မအိသဉ္ဇာမောင်ကလည်း အိမ်ထောင်ပြုသွားတာ မဟုတ်ကြောင်း အခုထိ Single ဖြစ်ကြောင်း ခဏတာနောက်ပြောင်ပြီး ရေးသားခဲ့ပါသေးတယ်။ ညနေပိုင်းလောက်မှာတော့ မအိသဉ္ဇာမောင်က အဆိုပါ ပိုစ့်ကို ပြန်ဖျက်သွားခဲ့ပါတယ်။
ဒီဓါတ်ပုံတွေဟာ မအိသဉ္ဇာမောင်နဲ့လည်း သက်ဆိုင်ခြင်း မရှိသလို ဒီရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး။ ဒီပုံတွေဟာ ၂၀၂၁ ခုနှစ်ခန့် GX ဆိုတဲ့ ဓါတ်ပုံရိုက်ကူးတဲ့အဖွဲ့က တင်ထားတဲ့ ပုံတွေ ဖြစ်ပြီး ပုံထဲမှာပါတဲ့ မိန်းကလေးက တချို့ပုံတွေမှ အိသဉ္ဇာမောင်နဲ့ခပ်ဆင်ဆင်တူနေသူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ဒီဓါတ်ပုံတွေတင်ထားတဲ့ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။
သတင်းအမှားတင်ထားတဲ့ သူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ အမျိုးသားရေးအစွန်းရောက်အကြောင်းအရာတွေ၊ စစ်ကောင်စီတပ်ထောက်ခံတဲ့အကြောင်းအရာတွေနဲ့ စစ်ကောင်စီတပ်နဲ့ ကြံခိုင်ရေးပါတီအတွက် ဝါဒဖြန့်နေတဲ့ပို့ဟ်တွေ အစဉ်တစိုက်ရေးသားဖြန့်ဝေနေတဲ့အကောင့်တွေဖြစ်တာကိုတွေ့ရှိရပါတယ်။