ဒီအကြောင်းအရာကို Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အပြင်းထန်ဆုံး အရေးယူမှုစတင်။ စစ်အုပ်စုလေကြောင်း အသုံးပြုခွင့် ပိတ်သိမ်းခံရ။ ICC ဖမ်းမိန့်ကြေငြာပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီကို လေကြောင်းအသုံးပြုခွင့် ပိ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ VOA သတင်းဌာနမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာနဲ့ကမ္ဘာက ပဋိပက္ခတွေအတွက် လက်နက်တင်ပို့မှုတားဆီးရေး ကုလလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးတိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ စစ်ကောင်စီကို လေကြောင်းအသုံးပြုခွင့် ပိ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
သတင်းထဲမှာ ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Turk က ဂျနီဗာမှာပြုလုပ်တဲ့ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာရှိတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကျူးလွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ဟန့်တားဖို့ လိုတယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တဲ့အကြောင်း ရေးသားထားတာပါ။
VOA သတင်းဌာနမှာ ဖြန့်ဝေထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။