ဒီအကြောင်းအရာကို Thomas Myo Lin ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဧပြီလ ၂၂ ရက်နေ့မှာ တစ်ကြိမ်၊ ဧပြီလ ၂၃ ရက်မှာ တစ်ကြိမ် ရေးသားဖြန့်ဝေထားတာဖြစ်ပြီး ဝေဖန်မှုနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဗာတီကန်အသင်းတော်ကနေ ခွဲထွက် အသင်းတော်တစ်ခုဖြစ်ပြီး စပိန်နိုင်ငံ ဆီဗီလာမြို့အနီးက El Palmar de Troya မှာ ဘုရားဝတ်ပြုနေတဲ့ Pope Peter III ရဲ့ ဗီဒီယိုကလစ်ကို အသုံးပြုပြီး 'ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်လိုက်ပါပြီ။ ဘုရားသခင်ရဲ့ စီမံမှုက အံ့ဩစရာပါပဲ ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးအသစ် pope ကိုဆောင်ကြည်းလာပါပီ' လို့ ရေးသားဖြန့်ဝေထားတာပါ။
နောက်ထပ်ဖြန့်ဝေမှုမှာလည်း 'ကာဒီနယ် ၂၃၀ ကျော်ထဲက မဲအများဆုံး ရရှိသွားတဲ့ ပုပ်ရဟန်းအသစ် ခန့်အပ်ပွဲ' ဆိုပြီး ထပ်မံဖြန့်ဝေထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကာဒီနယ် ၂၃၀ ကျော်ထဲက မဲအများဆုံး ရရှိသွားတဲ့ ပုပ်ရဟန်းမင်းအသစ် ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်ခြင်း 'Conclave' ကို မေလ(၇) ရက်မှာ စတင်လုပ်ဆောင်မယ်လို့ ဗာတီကန်က ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဗာတီကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီအစည်းအဝေးကို ဗာတီကန်က Sistine Chapel မှာ ပြုလုပ်မှာဖြစ်ပြီး အစည်းအဝေး လုပ်နေတဲ့ ကာလတစ်လျှောက် လာရောက်လည်ပတ်မှုတွေကို ဆက်လက်ပိတ်ပင်ထားမှာ ဖြစ်တယ်လို့ ကြေညာထားပါ တယ်။
Vatican News က ထုတ်ပြန်ထားချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သက်တော် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ဧပြီ ၂၁ ရက်နေ့မှာ နှလုံးရောဂါ ၊ လေဖြတ်ရောဂါတွေနဲ့ ပျံလွန်တော် မူသွားတာ ဖြစ်ပြီး ဈာပနအခမ်းအနားကို စနေနေ့က ကျင်းပခဲ့ပြီးစီး ခဲ့ပါတယ်။