ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်တပ်မြို့တော် ပြင်ဦးလွင် မြို့သိမ်းပြီ။ DSA စစ်တက္ကသိုလ်ကို TNLA ပူးပေါင်းတပ် အလုံးအရင်းနဲ့ ဝင်စီး။ မြို့သိမ်းဖို့ သေချာပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပြင်ဦးလွင်မြို့ကို TNLA ပူးပေါင်းတပ် ဝင်စီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ People's Spring မှာ ဩဂုတ်လ ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေသော တောင်းခမ်းကျေးရွာသို့ လက်နက်ကြီးပစ်ကူ ဆက်တိုက် ပေးနေကြောင်း၊ ဩဂုတ် ၂၇ရက် ညနေက စတင်ပြီး လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရ ကြောင်း၊ တအာင်းတပ်မတော်(TNLA) ဦးဆောင်တဲ့ တော်လှန်ရေးတွေက နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ယင်းနေရာကို ပြင်ဦးလွင်မြို့ အခြေစိုက် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ကြောင်း ရေးသားထားပါတယ်။
သတင်းထဲမှာ ပြင်ဦးလွင်မြို့ကို TNLA ပူးပေါင်းတပ် ဝင်စီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။