ဒီအကြောင်းအရာကို Khit Thit Top News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြင်ဦးလွင် အရေးပေါ် ကြေငြာပြီ။ ပြင်ဦးလွင်၊ ကန်တော်ကြီး PDF သိမ်းပိုက်။ NUG/PDF အလံလွှင့်ထူပြီ။ စစ်ဗိုလ်ချုပ်များ အရေးပေါ်လှိုင်ဂူထဲ ပြေးကုန်ပြီ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပြင်ဦးလွင် ကန်တော်ကြီးကို PDF တွေ သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်တပ်မြို့တော်လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့က ကန်တော်ကြီးပတ်လမ်းမှာ ဇန်နဝါရီလ ၂၇ရက်နေ့ နံနက်၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတက်မတော် (PDF) အလံ စိုက်ထူခံရတဲ့ ဖြစ်စဉ်ရှိခဲ့တာ မှန်ပေမယ့် ပြင်ဦးလွင် ကန်တော်ကြီးကို PDF တပ်တွေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အချက်ဟာ သတင်းမှားသာ ဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့က ကန်တော်ကြီးပတ်လမ်းမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက အနီရောင်အောက်ခံပေါ်မှာ အဖြူရောင်ကြယ်ပါတဲ့ PDF အလံ လာရောက်စိုက်ထူသွားတဲ့ ဖြစ်စဉ်ကို သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။
ပြင်ဦးလွင်မြို့မှာ PDF အလံ စိုက်ထူခံရတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။