ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ မန္တလေးခေတ်သစ် ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လေဆိပ်ကို ဝင်ရောက်စီးနင်း။ တိုင်းမှူးအဆင့်များ လိုင်ပါလာသည့် လေယာဉ် နေပြည်တော်လေဆိပ်မှာ ရပ်နားစဉ် ပစ်ခတ်ခံရ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now မှာ စက်တင်ဘာလ ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ကုမ္ပဏီ ၆၀ ခန့် အမည်ပျက် စာရင်းမှ ဖယ်ရှား၊ ပို့ကုန်ရငွေ မပျက်မကွက်ပြန်ထည့်ရန် စစ်ကောင်စီ တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ကုမ္ပဏီ ၆၀ ခန့်ရဲ့ ဒါရိုက်တာတွေကို အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ကြောင်းနဲ့ ပို့ကုန်ရငွေတွေကို မပျက်မကွက် ပြန်ထည့်ပေးကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က တောင်းဆိုလိုက်တယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။