ဒီအကြောင်းအရာကို နိုင်ငံတကာက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဒီလအစောပိုင်းကတည်းက ဖြန့်ဝေနေကြတာပါ။ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားတဲ့ ဒီပိုစ့်ရဲ့ စာသားတချို့ကို ကူးယူဘာသာပြန်ပြီး ဖေစ့်ဘွတ်ပေါ်မှာ မြန်မာဘာသာနဲ့ ပြန်လည်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ စက်ရုပ်အမျိုးသမီး ပုံစံအမျိုးမျိုးနဲ့ အီလွန်မတ်စ် ပွေ့ဖက်နမ်းနေတဲ့ ပုံတွေနဲ့အတူ ‘ဘီလျှံနာကြီး အီလွန်မတ်စ်တို့ ကုမ္ပဏီ ဟာ စက်ရုပ်ဇနီးတွေ တီထွင်နေတာ..နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။ 2023 စက်တင်ဘာလမှာ စျေးကွက်စဖြန့်မှာပါ။ ၃ နာရီလောက် battery အားသွင်းထားလိုက်တာနဲ့ တလလုံး အသုံးပြုလို့ရပါတယ်’ လို့ ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေနေတဲ့ ပုံတွေဟာ AI နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး သေချာကြည့်ရှု့ပါက လက်အနေအထားတွေနဲ့ အချို့ဟန်ချက်မညီတာတွေကို တွေ့ရမှာပါ။ အောက်ပါပုံမှာ ကြည့်ပါ။
ဒါ့အပြင် အာဖရိကနိုင်ငံတွေမှာ ပြင်သစ်ဘာသာစကားနဲ့ ထုတ်လွှင့်နေတဲ့ နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် FRANCE 24 သတင်းဌာနမှာလည်း ဒီအကြောင်းကို သတင်းဆန်းစစ်ထားပါတယ်။
ဒီသတင်းဆန်းစစ်ချက်ထဲမှာ အီလွန်မတ်စ်ရဲ့Tesla ဟာ 2021 ခုနှစ်ကတည်းက Tesla bot ဆိုတဲ့ လူသားစက်ရုပ်ကို ဖန်တီးနေတာ ဖြစ်ပေမယ့် အခုဖြန့်ဝေနေတဲ့ ပုံတွေကတော့ AI နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
FRANCE 24 သတင်းဌာနမှာ ဖော်ပြထားတဲ့ ရုပ်သံဖိုင်ကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။