ဒီအကြောင်းအရာကို Burma Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုကာချုပ် စိုးဝင်း စနိုက်ပါနဲ့ ပစ်သတ်ခံရ။ ရန်ကုန်ခေတ်သစ် တရားဝင်ကြေညာလိုက်ပြီ။ MWD သတင်းဌာနမှ ထုတ်ပြန်ပြီ။ ပြည်သူ့ကျိန်စာ စူးပြီဟေ့' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုကာချုပ်စိုးဝင်း ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring မှာ မတ်လ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ရန် အပူတပြင်ကြိုးပမ်းနေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်စနိုင်ဖို့ နယ်မြေရှင်းလင်းရေး အပါအဝင် စီမံကိန်း ဧရိယာ အနီးဝန်းကျင် ကျေးရွာတွေကို အင်အားရာချီနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း၊စီမံကိန်းဧရိယာ အနီးရှိ နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနဲ့ ဇာဒီရွာတွေကို အင်အားရာချီနဲ့ ကုန်ကြောင်းကနေ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင် ရေကြောင်းအနေနဲ့ ဆိပ်ကမ်းအနီး စစ်သင်္ဘောတွေ အဆင်သင့် ပြင်ဆင်ထားတာကို တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဒုကာချုပ်စိုးဝင်း ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။