ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ဝတ်စုံ ချွတ်ကြရန် တရုတ်အမိန့်ပေး။ ရွေးကောက်ပွဲ လုပ်ရင် စစ်ဝတ်စုံ ချွတ်ပြီးလုပ်ရန် တရုတ် အမိန့်ထုတ်။ တပ်ချုပ်ရာထူး မဖြစ်မနေ စွန့်လွှတ်ရတော့မည်' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ကို စစ်ယူနီဖောင်း ချွတ်ဖို့ တရုတ်အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ မတ်လ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'မင်းအောင်လှိုင် ရုရှားမှ ပြန်ရောက်ပြီး ၁ ရက်အကြာ တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိလာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ဘီလာရုစ် ခရီးစဉ်အပြီး တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော်ရောက်လာပြီး စစ်ကောင်စီနိုင်ငံခြားဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့ကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်နိုင်ဖို့ တရုတ်အနေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နဲ့ သက်ဆိုင်တာတွေ ဆွေးနွေးခဲ့ကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ခေါင်းဆောင်ကို စစ်ယူနီဖောင်း ချွတ်ဖို့ တရုတ်အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။