ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြို့ပျက်ကြီးလို ပျက်ဆီးကုန်ပြီ။ မန္တလေးမြို့ သိမ်းရန် တိုက်ခိုက်နေပြီ။ မြို့တွင်းထဲကို စစ်ကောင်စီ ဗုံးရာချီကြဲချ။ စစ်ကောင်စီ ခံစစ်အားလုံး ကျော်ဖြတ်သိမ်းပိုက်' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးမြို့ သိမ်းဖို့ တိုက်ခိုက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ RFA သတင်းဌာနမှာ ဇန်နဝါရီ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'မန္တလေးမြို့မှာ အိမ်နဲ့ ဆိုင်ခန်း နှစ်ရာကျော်ကို စစ်ကောင်စီ ဖျက်ဆီး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီက မန္တလေးမြို့က အထင်ကရနေရာတွေဖြစ်တဲ့ ဗထူး အားကစားကွင်းနဲ့ အောင်မြေမန္တလာ ဘောလုံးကွင်း ပတ်လည်က ဆိုင်ခန်းအားလုံးကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ဖျက်ဆီးဖယ်ရှား ခဲ့ကြောင်း၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာ ဘောလုံးကွင်းဘေးက ဆိုင်ခန်းပေါင်း တစ်ရာကျော်နဲ့ ချမ်းအေးသာစံမြို့နယ် ဗထူးကွင်းဘေးက ဆိုင်ခန်းနဲ့ လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ရက်အတွင်း အပြီး ဖျက်ဆီးသွားတာဖြစ်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ မန္တလေးမြို့ သိမ်းဖို့ တိုက်ခိုက်နေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။